17/04/2024
"သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ" ကြားဖူးကြလား ။ ဒီ အလင်္ကာ ကို။
ကျွန်တော်တို့တတွေဟာ "ရက် ၃၀ မှာ စက်တင်ဘာ ဧပြီ ဇွန် နှင့် နိုဝင်ဘာ...... " အဲဒါ စဆုံး လူတိုင်းနီးပါး အလွတ်ရကြတယ် ။ ဒါက အင်္ဂလိပ် ပြက္ခဒိန် ရဲ့ လ တွေမှာ ရှိတဲ့ ရက် အရေအတွက်နှင့် ခြွင်းချက် ကို သိစေနိုင်တဲ့ အလင်္ကာ ။
မြန်မာ ပြက္ခဒိန် မှာ ရှိတဲ့ တန်ခူး အစ တပေါင်းလ အထိ ၁၂ လ မှာ လည်း တစ်လနှင့် တစ်လ ရက် အရေအတွက် မတူကြဘူး ။ ဒီလို မတူတဲ့ အကြောင်းကို "သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ" ဆိုတဲ့ အလင်္ကာလေးနဲ့ ဖွဲ့ ထားပါတယ် ။
မြန်မာ ပြက္ခဒိန် / မြန်မာလ တွေ အားလုံးမှာ လပြည့်နေ့သည် လစဥ် လဆန်း ၁၅ ရက်နေ့တွင် ဖြစ်ပြီး လကွယ်နေ့သည် ၁၄ ရက်နေ့တွင် ကွယ်သော လ နှင့် ၁၅ ရက်နေ့တွင် ကွယ်သော လ ဟူ၍ ၂ မျိုးရှိသည် ကို ဦးစွာ သတိထားကြည့်ရပါမယ် ။ ၁၄ ရက်တွင် လကွယ် ပါက အဲဒီလမှာ ၂၉ ရက် သာရှိပီး ၁၅ ရက်တွင် လကွယ်ပါက အဲဒီလမှာ ရက် ၃၀ ရှိပါတယ် ။ ၂၉ သည် "မ" ဂဏန်း ။ တစ်နည်းအားဖြင့် "မစုံ" ဟုမှတ် သားပေးပါ။ ၃၀ သည် "စုံ" ဂဏန်း ။
ပြက္ခဒိန် က ၁၂ လ မှာ တန်ခူးလ သည် ပထမဆုံး လ ။ တစ်နည်းအားဖြင့် အမှတ်စဉ် ၁ ။ ကဆုန်လ သည် အမှတ်စဉ် ၂ ။ ဒါကြောင့် တန်ခူးလ သည် "မ" လ (မစုံ) ၊ ကဆုန်လ သည် "စုံ" လ ။
ဟုတ်ပီ "သူစုံလျှင် စုံ " ဆိုတာ က ဘာကိုပြောသလဲဆိုရင် စုံ လ ဖြစ်တဲ့ ကဆုန် ၊ ဝါဆို ၊ တော်သလင်း ၊ တန်ဆောင်မုန်း ၊ ပြာသို ၊ တပေါင်း လ တွေမှာ လကွယ် ရက်သည် ၁၅ ရက်နေ့ ။ တစ်နည်းအားဖြင့် ၁၅ ရက်မှာ လကွယ်တယ် ။ ဒါကြောင့် အဲဒီ လ မှာ ရက်ပေါင်း ၃၀ ရှိတယ် ဗျာ ။
"သူမစုံလျှင် မစုံ" ဆိုတာကလည်း ဒီသဘောပဲ ။ "မ" လ (မစုံ) တွေ ဖြစ်တဲ့ တန်ခူး ၊ နယုန် ၊ ဝါခေါင် ၊ သီတင်းကျွတ် ၊ နတ်တော် ၊ တပို့တွဲ လ တွေ မှာ ၁၄ ရက်မှာလကွယ်တဲ့ အတွက် အဲဒီလတွေမှာ ၂၉ ရက်သာ ရှိပါတယ် ။ ဆိုတော့ သူ မစုံ တော့ မစုံ ဘူးဆိုတဲ့ သဘော ပေါ့ ။ ရှင်းမယ် ထင်ပါတယ် ။
"သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ"
"သူစုံလျှင် စုံ ၊ သူမစုံလျှင် မစုံ" ဆိုတဲ့အလင်္ကာလေးကို ကျွန်တော်တို့ ၄ တန်းတုန်းက သင်ပေး ရှင်းပြပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဦးလှစိုး ကို ရိုသေစွာ ဂါရဝ ပြုပါတယ် ။ ဆရာကြီး ကောင်းရာဘုံဘဝမှာ ရှိနေမယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ။
မှတ်ချက်။ ဝါထပ်နှစ်မှာ ပထမဝါဆို ရော ဒုတိယဝါဆို ရော ၁၅ မှာ လကွယ်ပါတယ် ။
လာပြန်ပီ ဝါထပ်နှစ်? what? ဝါထပ်နှစ် ။
မြန်မာ ပြက္ခဒိန် ၁၂ လမှာ ၂၉ ရက် က ၆ လ ၊ ရက် ၃၀ က ၆ လ စုစုပေါင်း ရက်ပေါင်း ဘယ်လောက်ရှိလဲ ။ ??? ။ ၃၅၄ ရက် ။ အင်္ဂလိပ်ပြက္ခဒိန် နဲ့ ဘယ်နှရက် ကွာလဲ ။ ၁၁ ရက် ။ ဒါ သာမန် နှစ် မှာ ၁၁ ရက် ကွာတာ ။ ဖေဖော်ဝါရီ ၂၉ နှစ်မှာ ဆိုရင် ၁၂ ရက် ကွာမယ် ။ ထားပါတော့ ၁၁ ရက် ကွာ နဲ့ တွက်ကြရအောင် ။ ၁ နှစ်မှာ ၁၁ ရက် ၊ ၃ နှစ်မှာ ၃၃ ရက် ကွာသွားပီ ။ သတိထားကြည့်လိုက်တော့ ဝါထပ်နှစ် သည် ၃ နှစ် ၁ ကြိမ် ဖြစ်နေတယ် ။ ၃ နှစ် ၁ ကြိမ် ဝါထပ်တာ များပီး ၂ နှစ် နဲ့ ဝါ ထပ်တာလည်း ရှိတယ် ။ နည်းနည်းကျဲပါတယ် ။ ဒါကတော့ တော်တော်နက်နဲ သွားပီ၊ ကျွန်တော်လည်း လိုက်မမီတော့ဘူး ။ ဥပမာ ၂၀၀၁၈ မှာ ဝါထပ်တယ် ၊ ၂၀၂၀ မှာ ဝါထပ်တယ် ။ ၂၀၁၀ မှာ ဝါထပ်၊ ၂၀၁၂ မှာ ဝါထပ်၊ ၁၉၉၆ မှာ ဝါထပ်၊ ၁၉၉၈ မှာ ဝါထပ်၊ သူ့ ရှေ့နောက်နှစ်တွေက ပုံမှန် ၃ နှစ် ၁ ကြိမ် ဝါထပ်တာကို တွေ့ရတယ် ။
ဝါထပ်နှစ် မှာ မြန်မာပြက္ခဒိန်မှာ ၁၃ လ ရှိပီး အင်္ဂလိပ်ပြက္ခဒိန်မှာ ၁၂ ပုံမှန်ပါပဲ ။
မည်သို့ပင်ဖြစ်စေကာမူ လပြည့် လကွယ် သည် အမြဲမှန်ပီး လဆန်း လဆုတ် ရက်တွေ အားလုံး လဝင်ချိန် လ ထွက်ချိန်အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ကျွန်တော် အရမ်းကို အံ့သြလေးစားတဲ့ အချက်ဖြစ်ပါတယ် ။
ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ မြန်မာနိုင်ငံထဲနေထိုင်ကြတဲ့ မြန်မာပါဆိုတဲ့ မြန်မာလူမျိုးတွေ မြန်မာ့ပြက္ခဒိန် အကြောင်း ၊ နေဝင်/ နေထွက်၊ လဝင်/လထွက် အကြောင်း မသိကြတာများပါတယ် ။ တကယ်ဆိုရင် ၂၀၂၄ သင်္ကြန် မဟုတ်ပါဘူး ။ ၁၃၈၅ ခုနှစ် သင်္ကြန် ပါ ။ မြန်မာ ပြက္ခဒိန် မတိမ်ကောပါစေနဲ့လို့ ဆုတောင်းပါတယ် ။
#ကျွန်တော်ကြားဖူးတာလေးတွေ လေ့လာမိတာလေးတွေ ဗဟုသုတ အဖြစ်တင်ပြခြင်းသာဖြစ်ပါတယ် ။ ပိုမိုတတ်ကျွမ်းနားလည်သူများရှိရင် / အမှားပါရင် ထောက်ပြ ပြင်ဆင်ပေးနိုင်ပါတယ် ခင်ဗျ ။
လောကီလူသားမောင်စိုင်း