11/09/2026
P.A.E စျေး လေး တွေ အနည်းငယ် တက်ပါမယ် 😢
သံ နဲ့ဆောက်လုပ်ရေးသုံးပစ္စည်းစျေးတွေထပ်တက်လာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရပ်တည်ရ ပိုခက်ခဲလာ
စက်တင်ဘာ ၁၁ ၊ ၂၀၂၆
GG (VOM)
သံစျေးနူန်း အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအားလုံး စျေးနူန်းမြင့်တက်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ခက်ခဲလာပြီး လုပ်ငန်းရပ်နားသူရှိသလို ဆောက်လုပ်လက်စ လုပ်ငန်းကိုရပ်ကာ ရှောင်တိမ်းရသူတွေပါရှိလာတယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းမှာတင် သံတတန်ကို နှစ်သိန်းကျပ်လောက်ထက်လာသလို တခြား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးတွေလည်း ထပ်တက်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောဆိုထားပါတယ်။
သံစျေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက ဆက်တိုက် မြင့်တက်လာတာဖြစ်ပြီး ပြည်ပကတင်သွင်းရတဲ့ ပစ္စည်းအပြင် ပြည်တွင်းကထုတ်လုပ်တဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေပါ မြင့်တက်လာတယ်လို့သိရပါတယ်။
" အိမ်တလုံးက သံ၊သဲ၊ကျောက်၊သစ်၊အထပ်သား၊ အကုန်လိုအပ်တာပါ။အခုက ဘိလပ်တခုပဲ စျေးအကျပြထားတာ ။ အခုဆိုရင်အုတ်စျေးကအစ အရင်နဲ့မတူတော့ဘူး။အရင်က ၃၀၀ တန် အုတ်က အခု ၄၅၀ အထက်မှာ။အရင်က ၄၀၀ တန်က အခု ၅၅၀ အထက်မှာရှိတယ်။အဓိကတော့ စနစ်တစ်ခုကို အသက်သွင်းမယ်ဆိုရင် အကြောင်းနဲ့အကျိုး သေချာစဥ်းစားပြီးမှ ဥပဒေထုတ်သင့်တယ်။ အခုတော့ အကုန် ပရမ်းပတာ ဖြစ်ကုန်တာပေါ့။ တချို့စက်ရုံတွေမှာလဲ အော်ဒါမရလို့ ပိတ်ရတယ်။ကုန်ကြမ်းရှားတယ်။ အလုပ်သမားကအစ ရှားလာတယ်။ပစွည်းစျေးနူန်းတွေကလည်း နှစ်ဆကျော် တက်ကုန်တယ်။ အိမ်ရှင်တွေကလဲ စျေးတက်တာကို ငွေထပ်မပေးချင်တော့ ပြဿနာတွေ တက်ကြတာပေါ့။ လုပ်စားလို့မရတော့တဲ့ အခြေနေမျိုး ဖြစ်တော့ တချို့ဆောက်လုပ်ရေးတွေ ထွက်ပြေးကြနဲ့နားထားရနေပြီ။ တချို့ကလည်းအိမ်ရှင်တွေ ငွေမတတ်နိုင်ရင် သူတို့အဆင်ပြေသလို လုပ်နေရတယ်။မကိုက်ပေမယ့် နာမည်မပျက်အောင် ကြိုးစားရုန်းကန်နေရတာ ။ နာမည်သေသွားရင်လဲဒီလောကမှာက လုပ်စားဖို့ မလွယ်တော့ဘူး ။ " လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့အတွက် သွင်းကုန်လိုင်စင်ချပေးမှု အလွန်နည်းခြင်း ၊ တင်သွင်းခွင့်ပါမစ်ရရှိသူတွေက ကုန်ပစ္စည်းကို မတင်သွင်းပဲ ပါမစ်ကို စျေးတင်ပြီး ပြန်လည်ရောင်းစားခြင်း စတဲ့ အခြေအနေတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းလိုအပ်ချက်များလာပြီး စျေးနူန်း ဆက်တိုက်မြင့်တက်လာတာလို့ သိရပါတယ်။
" သံဆိုရင် ရက်တရာစီမံကိန်းကြောင့် ပြည်ပကနေ တင်သွင်းခွင့်မရတော့ အကုန်စျေးတက်လာတယ်။သံကExport ဆို အရင်က သိန်း ၂၀ က
အခုစျေး ၂၆ သိန်းကျော်၊ Original ဆို အရင်စျေး ၃၀ ကျော်ကအခု 40 ကျော်၊HRB 500 ဆိုရင်အခု ၆၀ ကျော်မယ်။Aluminin စျေးလဲတက်တယ်။မှန်စျေးလဲ တက်တယ်။လိုင်စင်ကိစွက သိန်းတရာကျော်တယ်။ရက်တစ်ရာစီမံကိန်းကြောင့်ဘယ်သူမှ လိုင်စင်မရဘူး။ပစွည်းတွေက မဝင်တော့ပစွည်းပြတ်မယ်။စျေးတက်မယ်။အခုစျေးတွေထက်ကို ထပ်တက်မှ။သူတို့ပိုကြပ်လေပိုတက်လေပဲ။အဓိကက ဒိုင်တွေကို ပါမစ်ချမပေးတာပဲ။ပစ္စည်းတင်ခွင့်မပေးတာ ။အခုကအများစု ပစ္စည်း အဝင်သိပ်မရှိဘူး ။ရှိတာကို ရောင်းနေကြတာ ။ပစ္စည်းမရှိ ကုန်ကြမ်းကပြတ် အဲဒီတော့ စျေးတက်တာ ။ပါမစ်ချပေးတာ အနည်းစုပဲရတာ ။ ရတဲ့သူကလည်း စျေးတင်ရောင်း.ဖြစ်နေကြတာ ။ " လို့ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက်ကဆိုရင် RC တထပ်တိုက် ပုံမှန်အဆောက်အဦအနေအထားကို အသုံးပြုတဲ့ပစ္စည်းအရည်အသွေးပေါ်လိုက်ပြီး သိန်း ၅၀၀ လောက်နဲ့ရပြီး ၂၀၂၅ လောက်မှာတော့ သိန်း ၇၀၀ မှ ၈၀၀ ၊ အခု ၂၀၂၆ မှာတော့ သိန်း ၁၀၀၀ အထက်မှသာ အတန်သင့် အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။
အစိုးရတာဝန်ရှိသူတွေကတော့ သံချောင်းက ပြည်တွင်းမှာလည်း ထုတ်လုပ်မှုရှိနေတာကြောင့် နိုင်ငံခြားငွေသုံးပြီး ပြည်ပကနေ တင်သွင်းမှုကို လျှော့ချပြီး ပြည်တွင်းဖြစ်ကို ပိုအသုံးပြုဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့် လက်ရှိမှာ ပြည်တွင်းထုတ် သံစက်ရုံတွေက ထွက်ရှိတဲ့ သံချောင်းတွေက ပြည်ပမှတင်သွင်းတဲ့ သံချောင်းတွေရဲ့အရည်အသွေးကို မမီတာကြောင့် ဆောက်လုပ်ရေးဆိုက်တွေမှာ အသုံးပြုမှု နည်းနေသေးတဲ့အတွက်အရည်အသွေးပိုင်းကို ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ကြောင်း အကြံပြုမှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ သံနဲ့ သံမဏိ လိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နူန်း လောက်ကို ပြည်ပမှ တင်သွင်းနေရပြီး နှစ်စဉ် သံ/သံမဏိ အပါအဝင် ဆက်စပ်ပစ္စည်း တန်ချိန် သုံးသန်းဝန်းကျင် တင်သွင်းမှုရှိကြောင်း မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း(MISA) စာရင်းအရသိရပါတယ်။
ဓာတ်ပုံ - CJ
VOM TelegramChannel: https://t.me/VOMNEWS2023/26366
VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.
#ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း #စျေးတက် #ဆောက်လုပ်ရေးလုပ်ငန်းရှင်