Excellent Future ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အကျိုးဆောာင်လုပ်ငန်း

  • Home
  • Myanmar
  • Pyinmana
  • Excellent Future ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အကျိုးဆောာင်လုပ်ငန်း

Excellent Future ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အကျိုးဆောာင်လုပ်ငန်း နေပြည်တော်အိမ်ခြံမြေ ရောင်း/ဝယ်/ငှါ? Construction & Real Estate

13/09/2018

"ကိုယ်စားလှယ်လွှဲစာ ရသူထံမှ အိမ် မြေ
ဝယ်မည်ဆိုလျှင်"

''ကိုယ်စားလှယ်လွှဲစာနဲ့ အိမ်မြေ တိုက်ခန်း
အရောင်းအဝယ်လုပ်ရင် တရားဝင်ပါသလား ဆရာ''
ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ
လာရောက် ဆွေးနွေးပါသည်။

''သာမန်အားဖြင့် ကြည့်ရင်တော့
ကိုယ်စားဆောင်ရွက်ခွင့်ပေးတာမို့ လုပ်ပိုင်ခွင့်ရှိမှာ
ဖြစ်တယ်။
ဒါပေမယ့် ကိုယ်စားလှယ်လွှဲစာဟာ ဥပဒေနဲ့အညီ
လွှဲပြောင်းပေးထားတဲ့ ကိုယ်စားလှယ်လွှဲစာ ဖြစ်ဖို့
လိုတယ်''

''ဥပဒေနဲ့အညီ လွှဲပြောင်းပေးထားတဲ့
ကိုယ်စားလှယ်လွှဲစာဆိုတာက
ဘယ်လိုလွှဲစာမျိုးလဲ ဆရာ''

''အထူးသဖြင့်
မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အိမ် ခြံ မြေ
တိုက်ခန်းစတာတွေနဲ့ ပတ်သက်ပြီး
ရောင်းချ၊ လွှဲပြောင်း၊ ပေးကမ်းမှုတွေပြုလုပ်ဖို့
ဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ
ကိုယ်စားလှယ်လွှဲစာကို မှတ်ပုံတင်ပြုလုပ်
လွှဲအပ်ဖို့ လိုပါတယ်''

''အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power)
နဲ့ အထူးကိုယ် စားလှယ်လွှဲစာ (Special Power)
ဘယ်လိုကွာပါသလဲ ဆရာ''

''အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) ကတော့
ကိုယ်စားလှယ်စာ လွှဲသူရဲ့ အားလုံးနှင့် သက်ဆိုင်သမျှ
ကို သူ့ကိုယ်စား လုပ်ပိုင်ခွင့် ပေးထားတာ ဖြစ်တယ်။
အထူးကိုယ်စားလှယ် လွှဲစာ S.P ကတော့
လွှဲအပ်သူက မိမိ ပြုလုပ်လို့တဲ့အကြောင်း ကိစ္စတစ်ခု
အတွက် သူ့ကိုယ်စား လုပ်ပိုင်ခွင့်
လွှဲအပ်ထားတာ ဖြစ်တယ်''

''စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကိုယ်စားလှယ်လွှဲစာ
ပြုလုပ်မယ် ဆိုရင် ဘာစာရွက်စာတမ်းတွေ
ယူသွားဖို့ လိုပါသလဲ''

''အထွေထွေကိုယ်စားလှယ်လွှဲစာပြုလုပ်မယ်
ဆိုရင်တော့
ပေးကမ်းသူ၊ လက်ခံသူ သက်သေ နှစ်ဦးရဲ့ နိုင်ငံသား
လက်မှတ်မူရင်းတွေ ပြသဖို့ ယူသွားရမှာဖြစ်တယ်။
လွှဲအပ်သူက မိမိ ရဲ့ လုပ်ပိုင်ခွင့်အားလုံးကို လွှဲပြောင်း
ခြင်းဖြစ်လို့ အခြား စာရွက်စာတမ်း မလိုဘူး။
ဒါပေမယ့် အိမ်မြေတိုက်ခန်းစတဲ့ ပစ္စည်းတွေနဲ့
ပတ်သက်ပြီး အရောင်းစာချုပ်တစ်ခုတည်းအတွက်
ဆောင်ရွက်ဖို့ဆိုရင်တော့
အထူးကိုယ်စားလှယ်လွှဲစာ S .P ကို သုံးစွဲကြပါတယ်။
ဒါကတော့ အကြောင်းအရာ တစ်ခုတည်း အတွက်
ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ်တယ်။
ဒီနေရာမှာ ပစ္စည်းနဲ့ ပတ်သက်လို့ စာချုပ် စာတမ်းရုံးမှာ
ကိုယ်စားလှယ်လွှဲသူက ပိုင်ဆိုင်ကြောင်း
အထောက်အထား စာရွက်စာတမ်း တင်ပြရမှာ
ဖြစ်တယ်''

''ဒါကြောင့်မို့ လွယ်လွယ်ကူကူ G.P ပဲ လုပ်ကြတာကို
တွေ့ရတယ် ဆရာ''

''မိတ်ဆွေကိစ္စက ဘာအခက်အခဲ ရှိနေလို့လဲ''

''ကျွန်တော် အခုဝယ်လိုက်တဲ့ မြေကွက်က
လင်မယားနှစ်ယောက် အမည်ပေါက်မြေကွက် ဆရာ''

''တစ်ယောက်က G.P ပေးထား တယ်၊ ဒီလိုလား''

''လင်ယောက်ျားက နိုင်ငံခြားမှာ အလုပ်သွားလုပ်
နေတော့ ဇနီးသည် ကို G.P ပေးထားတယ်ဆရာ''

''ဇနီးသည်က လင်ယောက်ျား မသိဘဲ ရောင်းလိုက်တဲ့
သဘောပေါ့''

''ဟုတ်ကဲ့ ဆရာ၊
အခုပြန်လာတော့ သူသဘောမတူဘဲ ရောင်းရမလား၊
အရောင်းအဝယ် ပျက်ပြယ်တယ်ဆိုပြီး တရားစွဲမယ်၊
လင်မယား ကွဲမယ်လို့ ဖြစ်နေတယ်။
ကိုယ်စားလှယ်လွှဲစာနဲ့ ရောင်းတာပဲ ဆရာ၊
တရားမဝင်ဘူးလား''

''မြေကွက်က ဂရန်မြေပဲလား။
မြေတစ်ကွက်လုံး အိမ်အပါအဝင် ရောင်းတာလား''

''မြေတစ်ကွက်လုံးမဟုတ်ဘူး ဆရာ။
ပေ ၂ဝ x ပေ ၆ဝ မြေကွက် ကို ခွဲရောင်းတာပါ''

''မူလအိမ်ကတော့ ကျန်နေတာ ပေါ့''

''နည်းနည်းတော့ ဖျက်ပေးရတယ်။
ပျဉ်ထောင်အိမ် ဆိုတော့ အခက်အခဲမရှိပါဘူး။
အခုအနေအထားက ပတ်ပတ်လည် အုတ်နံရံတက်ပြီး
ခြံခတ်လိုက်တယ်။ အိမ်အသစ်ဆောက်ဖို့လည်း မြေညှိ
ဆောင်ရွက်နေတယ် ဆရာ''

''မြေကွက်က မခွဲစိတ်ရသေးဘူး ပေါ့''

''မှန်ပါတယ်။
ဒါပေမယ့် စာချုပ်စာတမ်းရုံးမှာ အရောင်းစာချုပ် ပြုလုပ်ပြီး
မြေကွက်ခွဲဖို့ လျှောက်ထားဆဲ အခြေအနေမှာရှိပါတယ်။
တရားစွဲရင် အရောင်းအဝယ်ပျက်နိုင်ပါ သလား။
ကိုယ်စားလှယ်လွှဲစာကိုလည်း ရုပ်သိမ်းကြောင်း
ကြေညာထားတယ် ဆရာ''

''ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းခြင်းကိစ္စမှာလည်း
လုပ်ငန်းဆောင်ရွက် မပြီးမီသာ ရုပ်သိမ်းခြင်း
အကျုံးဝင်ပြီး
လုပ်ဆောင်ချက်ပြီးမြောက်ပြီးမှ ကိုယ်စားလှယ်လွှဲစာ
ရုပ်သိမ်းခြင်းသည် အတည်မဖြစ်လို့
ပဋိညာဉ် အက်ဥပဒေ ပုဒ်မ-၂ဝ၈ မှာ ပြဋ္ဌာန်းထားတယ်။
ဒါကြောင့် အခုကိစ္စမှာ ကိုယ်စားလှယ်လွှဲစာအရ
အရောင်း စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုပြီး
ဖြစ်တဲ့အတွက် စာချုပ်မှတ်ပုံတင်ပြီးမှ ပျက်ပြယ်ကြောင်း
ကိုယ်စားလှယ်စာအပေါ် ဆောင်ရွက်ခွင့် မရှိတော့ပါ''

''အချို့ကပြောတော့ တရားစွဲဆိုပြီး
အရောင်းအဝယ်ဖျက်နိုင်တယ် ဆိုတာက ဘယ်လိုလဲ
ဆရာ''

''ပဋိညာဉ် အက်ဥပဒေအရ ပျက်ပြယ်ခွင့်ရှိသော
ပဋိညာဉ် ဆိုတာ ရှိတယ်။
တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမျိုးဆွေသိမ်းပါ
နှစ်ဦးနှင့် ဒေါ်မြနှင်းဝေပါ သုံးဦး
၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး
စာမျက်နှာ-၁၂၃ အမှုမှာ
ကိုယ်စားလှယ်လွှဲစာပေးသူက အရောင်းအဝယ်
မှတ်ပုံတင်စာချုပ်ကို ဖျက်သိမ်းပေးရန်
သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၃၅ (က) အရ
ကိုယ်စားလှယ်အပေါ် တရားစွဲဆိုရမှာဖြစ်သည်။
တရားရုံးက စာချုပ်ကို ဖျက်သိမ်းပေးမှသာ
အတည်ဖြစ်သည်ဟု လမ်းညွှန်ထားပါတယ်''

''ဒါဆိုရင်
လင်ဖြစ်သူက အရောင်းအဝယ်ပျက်ပြယ်ကြောင်း
ဇနီး ဖြစ်သူ အပေါ် တရားစွဲဆိုနိုင်တာပေါ့။
ကျွန်တော်တို့အပေါ် တရားစွဲဆိုနိုင်ပါ သလား''

''တစ်ခုတော့ရှိတယ်။
မြေကွက် တစ်ကွက်လုံးက လင်မယားနှစ်ဦးပိုင်
အမည်ပေါက်ဖြစ်တဲ့ အတွက် မြန်မာ့ ဓလေ့ထုံးတမ်း
ဥပဒေအရ ဇနီးဖြစ်သူက မိမိ၏ အကျိုးခံစားခွင့်
တစ်ဝက်ကို စီမံခန့်ခွဲ ရောင်းချခြင်း ပြုနိုင်တဲ့ အတွက်
မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆို
ထားတာကြောင့် တရားဝင်တယ်လို့ ထုချေနိုင်
ပါတယ်''

''ဒါဆိုရင် စိုးရိမ်စရာမရှိဘူးပေါ့ နော်''

''ဘာပဲဖြစ်ဖြစ်
ကိုယ်စားလှယ်လွှဲစာနဲ့ အိမ်မြေတိုက်ခန်းဝယ်တဲ့ အခါ
ကိုယ်စားလှယ်အဖြစ် လွှဲအပ်သူရဲ့ သဘောတူညီချက်
ရှိ မရှိကို ဦးစွာစုံစမ်းသိရှိပြီးမှ အရောင်းအဝယ်ကို
ဆောင်ရွက်တာ အကောင်းဆုံးဖြစ်တယ်''လို့
အကြံပေးဆွေးနွေးလိုက်ပါသည်။

ထီယု ( ဥပဒေ အတိုင်ပင်ခံ )

credit - Zaygwet Journal

**********
crd “အိမ်ခြံမြေ လမ်းဆုံ”

05/08/2018

“မြို့သစ်စီမံကိန်းအပေါ် သမ္မတ၏ မှတ်ချက်များ”

၁။ "ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့်
မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်
အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ သေချာစိစစ်ပြီးမှ
ဆောင်ရွက်ရန် သမ္မတဦးဝင်းမြင့် ပြောကြား"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် မြို့သစ်စီမံကိန်း
များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမှန်
တကယ်လိုအပ်မှု ရှိ၊ မရှိ သေချာစိစစ်ပြီးမှ ဆောင်ရွက်ရန်
သမ္မတဦးဝင်းမြင့်က ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်တိုင်း
အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်
ကိုယ်စားလှယ်များနှင့် တွေဆုံစဉ် မှာကြားခဲ့ကြောင်း
ပန်းဘဲတန်းမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က
ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
ရာတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး
စသည့် မဏ္ဍိုင်ကြီးသုံးရပ်ကို အဓိကထား ဆွေးနွေး
မှာကြားခဲ့ကြောင်း သိရသည်။

ဦးသန်းနိုင်ဦးက
“တိုင်းအစိုးရက လုပ်မယ့်စီမံကိန်းတွေနဲ့ ပတ်သက်လို့
အထူးသဖြင့် သူပြောသွားတာကတော့ မြို့သစ်စီမံကိန်း
လို ကိစ္စမျိုးဆိုရင် သေချာအလေးထားပြီးတော့
တကယ်လိုအပ်ချက်ရှိတယ်ဆိုရင်တော့ အလေးထားပြီး
ဆောင်ရွက်ဖို့ပြောသွားတယ်။
နောက်တစ်ခုက တကယ်ကိုပဲ လိုအပ်နေပြီလား။
မြို့သစ်တွေဖော်ထုတ်ပြီးတော့ အဲဒီမြို့သစ်တွေက
လမ်းတွေတံတားတွေ ပြည့်ပြည့်စုံစုံဖြစ်ပြီးလား အိမ်ရာ
တွေ ပြည့်ပြီလား။
တချို့က ဒီဘက်ကမြို့သစ်၊ တစ်ဖက်မှာ လယ်ကွင်း
ဒါမျိုးတွေဖြစ်ပြီးတော့ ဖရိုဖရဲနဲ့ အဟောသိကံဖြစ်သွားမှာမျိုး
သမ္မတကြီးက မလိုလားတဲ့ပုံစံမျိုးပြောသွားပါတယ်။
တကယ်လို့ လိုအပ်တယ်ဆိုရင် သေသေချာချာစိစစ်ပြီး
တော့မှ ဆောင်ရွက်ဖို့ကိစ္စတွေကို သမ္မတကြီးက
အလေးပေး ပြောသွားပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတအနေဖြင့် မြို့သစ်များတည်ပြီး
လူမရှိသူမရှိဖြစ်နေမည့် အခြေအနေကို စိုးရိမ်ကြောင်း
လည်း ထည့်သွင်းပြောကြားသွားသည်ဟု ဒဂုံမဲဆန္ဒနယ်
အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးကျော်ဇေယျက မီဒီယာများကို ပြောကြားသည်။

“နောက်တစ်ခါ မြို့သစ်စီမံကိန်းတွေပေါ့။
မေးခွန်းပြန်ထုတ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တင်ပြပြီးတဲ့အခါမှာ
ယခင် တည်ဆောက်ပြီးသား မြို့သစ်တွေမှာတောင်
လူများ နေထိုင်မှုမရှိသေးဘဲနဲ့ မြို့သစ်ကို ဖော်မလား။
ဟိုဘက်မှာလည်း မြို့သစ်က ဖော်လိုက်တဲ့အခါမှာ
ဟိုဟာလည်း လူမရှိ၊ အရင်ဖော်တဲ့နေရာမှာလည်း လူမရှိ၊
ခြောက်တီး ခြောက်ကပ်ဖြစ်နေမယ်။
ဒါတွေကိုတော့ သတိထားပြီးတော့ စီမံဆောင်ရွက်ပါ
ဆိုတဲ့ဟာကို လမ်းညွန်သွားတယ်။
ဝန်ကြီးချုပ်ကြီး တင်ပြတဲ့အခါမှာ မြို့သစ်စီမံကိန်းကိုပဲ
သူ ဦးတည်ပြောပါတယ်။
အခုရှိတဲ့ မြို့ဟောင်းတွေမှာရော လူတွေနေပါလားလို့
မေးသွားတယ်။
လူမရှိ သူမရှိနဲ့ မြို့သစ်တွေတည်ပြီး လူမရှိသူမရှိနဲ့
ခြောက်တီးခြောက်ကပ်ဖြစ်နေမှာကို စိုးရိမ်တယ်။
မင်းတို့ အဲဒါတွေ ကြည့်ပြီးတော့ စီမံပါဦးလို့
ပြောသွားတယ်” ဟု ဦးကျော်ဇေယျက
ပြောကြားသည်။

မြို့သစ်စီမံကိန်းသည် ဗဟိုခွာစနစ်အရ အကောင်အထည်
ဖော်ရမည်မှန်သော်လည်း ရေရှည်စီမံကိန်းဖြစ်သည့်
အတွက် လွှတ်တော်၏ ဆုံးဖြတ်ချက်ကိုအတည်ပြုရယူပြီး
မှသာ ဆက်လုပ်စေချင်ကြောင်း ဦးကျော်ဇေယျက ၎င်း၏
အမြင်ကိုလည်း ထည့်သွင်းပြောကြားသွားသည်။

“မြို့သစ် စီမံကိန်းကတော့ အန်ကယ်ရဲ့ တစ်ဦးချင်း
အနေအထားကတော့ မြို့သစ်စီမံကိန်းဟာ အကောင်
အထည်ဖော်ရမှာ မှန်တယ်။
မြို့တော်ဝန်ကြီးလည်း ရှင်းပြတယ်။ဗဟိုခွာစနစ်ပေါ့လေ။
မြို့ထဲမှာ ကျပ်နေတာတွေကို လူထုကို အပြင်ဆွဲထုတ်
တာ။ အဲဒါတွေကတော့ သူကတော့ သူ့အမြင်နဲ့ ပြော
သွားတာပေါ့။
အန်ကယ်တို့ကတော့ မြို့သစ် စီမံကိန်းဟာ
Long Time Plan ကြီးပဲ။ ရှေရည် Plan ကြီး။
သူတို့ ကုမ္ပဏီအနေနဲ့လည်း လေ့လာနေတယ်။
အသေးစိတ် မသိသေးဘူး။ အသေးစိတ် သူတို့ လေ့လာ
နေတာတွေကို အန်ကယ်တို့ကို ပြန်တင်ပြပါ။
တင်ပြပါမှ အန်ကယ်တို့ လွှတ်တော်ကနေ ဆုံးဖြတ်မယ်။
ဆုံးဖြတ်ပြီးတော့ အတည်ပြုချက်ရယူပြီးမှ ဆက်လုပ်
စေချင်တယ်။
အန်ကယ့်အမြင်ကတော့ လောလောဆယ်မှာ မလုပ်
စေချင်ပါဘူး။ အန်ကယ်အနေနဲ့ ဒါဟာ ရေရှည်စီမံကိန်း
ကြီးဖြစ်တဲ့အတွက် နိုင်ငံ့အနေအထားကလည်း မြို့သစ်
မလိုသေးဘူးလေ။ အန်ကယ့် အမြင်ပြောတာပါ။
ဒါတော့ လွှတ်တော်ကနေ ပြန်ပြီးတော့ ၀ိုင်းဝန်းဆုံးဖြတ်
ရမယ့်ဟာပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

*****

၂။ "မြို့သစ်စီမံကိန်းအစား ရှိပြီးသား မြို့များကိုဖွံ့ဖြိုးအောင်
လုပ်ရန် သမ္မတပြောကြား"

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖေါ်မည့်
မြို့သစ်စီမံကိန်းများအစားရှိပြီးသားမြို့များကိုပြန်လည်
ဖွံ့ဖြိုးအောင်လုပ်ရန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို
သမ္မတဦးဝင်းမြင့်က မှတ်ချက်ပြုခဲ့ကြောင်း တွေ့ဆုံပွဲသို့
တက်ရောက်ခဲ့ သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
က ပြောသည်။

ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမတွင်နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်နှင့်ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်တွေ့ဆုံပွဲတွင်
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မြို့သစ်စီမံကိန်း
အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့်ပတ်သက်၍
သမ္မတထံရှင်းလင်းတင်ပြရာတွင်ယခုကဲ့သို့မှတ်ချက်ပြု
ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြို့သစ်စီမံကိန်းတွေထက် ရှိပြီးသားမြို့တွေကို
တိုးတက်အောင်လုပ်ဖို့ သမ္မတကြီးက ပြောသွားတယ်။
ရှိနေပြီး သားမြို့ဟောင်းတွေကို ဖွံ့ဖြိုးရေးအတွက်
ဦးစားပေးလုပ်ဖို့ကို ပြောသွားတဲ့ သဘောပါပဲ။
နောက်တခုကတော့နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လစာ
မလုံလောက်တာကို သဘောပေါက်တယ်။
အဲ့ဒီအခက်အခဲတွေကို သည်းခံပြီးတော့မှ ပြည်သူတွေရဲ့
အခက်အခဲကိုကူညီဆောင်ရွက်ပေးဖို့လည်းပြော
သွားတယ်” ဟုတွေ့ဆုံပွဲသို့တက်ရောက်ခဲ့ သည့်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမဲဆန္ဒနယ် အမှတ် (၁)
မှ ဦးရန်ရှင်းကပြောသည်။

ထိုပြင် ဌာနဆိုင်ရာများအတွက် ယာဉ်လိုအပ်ချက်များကို
နိုင်ငံပိုင် သိမ်းဆည်းထားသည့် အထဲမှ အသုံးပြု၍ ရသည်
များကို ပြန်လည်အသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဟုလည်း
သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း
ဦးရန်ရှင်းကပြောသည်။

မြေဧက နှစ်သောင်းပေါ်တွင် အမေရိကန် ဒေါ်လာ
၁ ဒဿမ ၅ ဘီလီယံကုန်ကျမည့်ရန်ကုန်မြို့သစ်စီမံကိန်း
သည်ရန်ကုန်တိုင်းဒေသကြီးအနောက်တောင်ပိုင်းတွင်
အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဖြစ်ပြီးလက်ရှိတွင်
စီမံကိန်းအပိုင်း(၁)အဆင့်ကိုအကောင်အထည်ဖော်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေသည်။

(ကျော်သက်အောင်)

credit - Eleven Media Group
& The Standard Time Daily
အိမ်ခြံမြေ လမ်းဆုံ

💪💪💪💪
24/09/2017

💪💪💪💪

မန္တလေးမြို့အတွင်းရှိ မြေကွက်ငယ်များကို ဂရန်ထုတ်ပေးမည်ဟု မြို့တော်ဝန်ပြော--ဝန်ထမ်းများမသမာပါက တိုင်ကြားနိုင်=============...
14/08/2017

မန္တလေးမြို့အတွင်းရှိ မြေကွက်ငယ်များကို ဂရန်ထုတ်ပေးမည်ဟု မြို့တော်ဝန်ပြော

--

ဝန်ထမ်းများမသမာပါက တိုင်ကြားနိုင်

==========================
==========================

မန္တလေးမြို့တွင် ဧရိယာ စတုရန်းပေ ၁,၂၀၀ အောက် မြေကွက်ငယ်များကို ပထမဆုံး အကြိမ် ဂရန်ထုတ်ပေးတော့မည် ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

မြေကွက်ပေါ်တွင် အခိုင် အမာအဆောက်အအုံ ဆောက် လုပ်နေထိုင်ခြင်း၊ အနားလေး ဘက်ခိုင်မာမှုရှိခြင်း၊ ဝင်ထွက် လမ်းများ ကောင်းမွန်မှုရှိခြင်း၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ် များ ထိခိုက်မှုမရှိခြင်း စသည့် အချက်များနှင့် ကိုက်ညီပါက ဧရိ ယာစတုရန်းပေ ၁,၂၀၀ အောက် မြေကွက်များကို ဦးပိုင်ခွဲစိတ်၍ မြေတည်နေရာမြို့နယ်နှင့် မြေ အမျိုးအစားအလိုက် တစ်စတု ရန်းပေလျှင် ကျပ် ၂၀၀ မှ ကျပ် ၆၀၀ အတွင်း ငွေကြေးပေးသွင်း စေကာ ဂရန်ထုတ်ပေးမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက သတင်းထုတ်ပြန် သည်။

ပေ ၄၀ × ၆၀ မြေကွက် အတွက် ဂရန်လျှောက်ထားရာ တွင် မြေတည်နေရာမြို့နယ်နှင့် မြေအမျိုးအစားပေါ်မူတည်၍ ပေးဆောင်ရမည့် အခွန်နှုန်းထား သည် ကျပ်ရှစ်သိန်းကျော် (၈၁၄,၀၀၀ကျပ်) မှ ၂၁ သိန်းကျော်(၂,၁၆၀,၀၀၀ကျပ်)အထိ ကျ သင့်မည်ဖြစ်သည်။

မြေဂရန်လျှောက်ထားမှုများ နှင့်ပတ်သက်၍ ကြားပွဲစားများ ပပျောက်စေရန် အလေးထား လုပ်ဆောင်မည်ဟု မန္တလေး မြို့တော်ဝန်ကဆိုသည်။

မြေဂရန် လျှောက်ထားသူ များအနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲ မှုဌာနသို့ လူကိုယ်တိုင် လာ ရောက်လျှောက်ထားနိုင်ပြီး စည် ပင်သာယာက လုပ်ငန်းကြန့်ကြာ မှု မရှိစေရန် အလေးထားလုပ် ဆောင်မည်ဟု စည်ပင် တာဝန် ရှိသူများက ပြောသည်။ မြေ ဂရန်လျှောက်ထားရာတွင် အ ထောက်အထားအချက် အ လက်များ ပြည့်စုံမှန်ကန်သော် လည်း ဝန်ထမ်းက ကြန့်ကြာအောင် ပြုလုပ်ခြင်း၊ မသမာသောငွေ ကြေး တောင်းခံခြင်းများရှိပါက စည်ပင်သာယာကော်မတီဝင် (သို့မဟုတ်) စည်ပင်သာယာဌာန မှူးကို တိုင်ကြားနိုင်ကြောင်း မန်း စည်ပင်က အသိပေးကြေညာ ထားသည်။

‘‘အားလုံး ညှိနှိုင်းတိုင်ပင် တယ်။ မြို့နယ်အလိုက် အဖွဲ့ခွဲပြီး စစ်တယ်။ ဒီမြေကွက်ငယ်လေး တွေက ဂရန်ပေးဖို့ လိုအပ်နေ တယ်။ အဲဒါကြောင့် ဂရန်ထုတ် ပေးဖို့ ကော်မတီအနေနဲ့ ဆုံးဖြတ် တာပါ’’ဟု ဒေါက်တာရဲလွင်က ပြောသည်။

မြေကွက်ငယ်များသို့ ဂရန် ထုတ်ပေးမည်ဖြစ်သော်လည်း မြေကွက်ကျယ်များသို့ ထပ်မံ ပိုင်းခြားရောင်းချမည့်မြေများကို ဂရန်ထုတ်ပေးမည်မဟုတ်ဘဲ နှစ် များစွာကြာအောင် အဆောက် အအုံများ ဆောက်လုပ်နေထိုင်ပြီး မြေကွက်ကျဉ်းသဖြင့် ဂရန် လျှောက်ထား၍မရဘဲ အခက်တွေ့နေသည့် မြေကွက်ငယ်များ ကိုသာ ဂရန်ထုတ်ပေးမည်ဖြစ် ကြောင်း၎င်းကဆိုသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိ မိတ်အတွင်း ဦးပိုင်ရှိပြီး ဧရိယာ စတုရန်းပေ ၁,၂၀၀၊ မျက်နှာဖွင့် ပေ ၂၀ ရှိသည့် မြေကွက်များကို သာ ဂရန်ထုတ်ပေးနေရာမှ ဖြေ လျှော့သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲလွင်က ပြောသည်။

မြေကွက်ငယ်များကိုပါဂရန် ထုတ်ပေးမည် ဆိုသဖြင့် ငွေကြေး အခက်အခဲကြောင့် မြေကွက်ငယ် များ ဝယ်ယူထားပြီး ဂရန်မရှိ၍ နေအိမ် ဆောက်လုပ်ခွင့် လျှောက်ထားခွင့် မရသူများ အတွက် များစွာ အဆင်ပြေစေနိုင် ကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မြို့ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့သည် ယခင်က မြို့တွင်းမြေ ကွက်များ ချထားပေးရာတွင် ၁၅ ပေ × ပေ ၄၀၊ ပေ ၂၀ × ၃၀ စသည့် မြေကွက်ငယ်များကို ချ ထားပေးခဲ့ပြီး ငွေကြေးအခက်အခဲ ကြောင့် မြေကွက်ငယ်များ ခွဲစိတ် ဝယ်ယူကာ နေထိုင်ရသူများ အဆင်ပြေစေရန် ယခုကဲ့သို့ စီစဉ် ခြင်းဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီမှ တာဝန်ရှိသူများက ပြော သည်။

=============

7Day News Journal

http://www.7daydaily.com/story/104548
#​ဖေ​အောင်

မန္တလေးမြို့တွင် ဧရိယာ စတုရန်းပေ ၁,၂၀၀ အောက် မြေကွက်ငယ်များကို ပထမဆုံး အကြိမ် ဂရန်ထုတ်ပေးတော့မည် ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

12/05/2017

"အိမ်ငှားခွန်များ ပေးရတော့မည်"

မန္တလေးမြို့တွင် မိမိပိုင်ဆိုင်သည့် နေအိမ်ကိုငှားရမ်းတိုင်း
အခွန် ၅ ရာခိုင်နှုန်းကို ပေးဆောင်ရတော့မည် ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမား များစွာရှိသည့် မန္တလေးမြို့တွင်
အိမ်ငှားသည့် လုပ်ငန်းသည် နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်
လုပ်ငန်းတစ်ခု ဖြစ်သည်။ ထိုလုပ်ငန်းများသည်
ခေတ်အဆက်ဆက် အိမ်ရှင်နှင့် အိမ်ငှားသဘောတူလျှင်
အထမြောက်သည့် လုပ်ငန်းဖြစ်ပြီး ယခုမူ လုပ်ငန်းလိုင်စင်
ပြုလုပ်ကြရတော့မည် ဖြစ်သည်။

အိမ်ငှားသူများ အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်
ကြရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီက မတ်လ ဒုတိယပတ်အတွင်းက ကြေညာ
လိုက်သည်။

“အိမ်တစ်ခုလုံးဖြစ်စေ၊ အခန်းတစ်ခုချင်းဖြစ်စေ ငှားရမ်းတဲ့သူ
တွေ အကုန်လုံး အကျုံးဝင်တယ်”ဟု မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာန ဌာနစုမှူး
ဒေါ်ဝင်းမင်းသန်းက ရှင်းပြသည်။

ယင်းသို့ ကြေညာခဲ့ခြင်းသည် ယခုမှတော့ မဟုတ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ယခုကဲ့သို့
အသိပေး ကြေညာချက် ထုတ်ခဲ့ဖူးသည်။ ထိုစဉ်က
၂၀၁၇ ခုနှစ် မတ်လတွင် စတင် လျှောက်ထားရမည်ဟု
ဆိုသော်လည်း စိတ်ဝင်စားသူ မရှိခဲ့ကြ။

ယခု ဒုတိယအကြိမ် ကြေညာချက် ထုတ်ပြန်သောအခါ အချိန်
သတ်မှတ်ချက်ရွှေ့ပြီး ဧပြီလမှ ဇွန်လအထိ ပညာပေးကာလ
သတ်မှတ်ထားပြီး ယင်းနောက်တွင် လိုင်စင် မပြုလုပ်သူများကို
အရေးယူသွားမည်ဖြစ်သည်။

- မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းရှိ မည်သည့် စီးပွားရေး
လုပ်ငန်းမဆို လုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်ကို သန့်ရှင်းရေးဌာန
သို့ တင်ပြလျှောက်ထားရပြီး မန္တလေးမြို့တော် စည်ပင်
သာယာရေး ကော်မတီ ဥပဒေပုဒ်မ ၇၆ အရ လည်းကောင်း၊
- မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တည်းခိုခန်း၊
ဘော်ဒါဆောင်နှင့် အခန်းလိုက် ငှားသော အဆောက်အအုံများ
ဆိုင်ရာ နည်းဥပဒေ ၃ အရလည်းကောင်း၊
အိမ်ပိုင်ရှင်က အငှားအိမ် ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ သတ်မှတ် စည်းကမ်းချက်
များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်က
ကြေညာချက် ထုတ်ပြန်ထားသည်။

အငှားအိမ် ငှားပိုင်ခွင့်လုပ်ငန်း လိုင်စင် သို့မဟုတ် အိမ်အငှား
လိုင်စင် မန္တလေးတွင် ရှိသင့်ပြီလော။

“ရန်ကုန်မှာတော့ မရှိသေးဘူး။ သူတို့ ဘာကြောင့် ဒီလို
လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို သိဖို့လိုတယ်။ လိုင်စင်ကြောင့်
အငှားဈေးကွက်ကို သိပ်ထိခိုက်မှာတော့ မဟုတ်ဘူး”ဟု
ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ လုပ်ငန်းအသင်း ဥက္ကဋ္ဌ
ဦးစိုင်းခွန်နောင်က ဆိုသည်။

မန္တလေးတွင်မူ ယင်းကဲ့သို့ အငှားလိုင်စင် လုပ်ရမည့်ဥပဒေက
ယခင်ကတည်းက ပြဋ္ဌာန်းထားပြီးဖြစ်ကာ ယခု တစ်ဖန်
အသက် ပြန်ဝင်လာအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း
ဒေါ်ဝင်းမင်းသန်းက ပြောသည်။

“စည်ပင်နယ်နိမိတ် အတွင်းမှာရှိတဲ့ လုပ်ငန်းဆိုရင် လိုင်စင်
ရှိရမယ်၊ ဒါကြောင့် လုပ်ခိုင်းတာ”ဟု ၎င်းကဆိုသည်။

ယခင် မြူနီစီပယ်ခေတ်ကတည်းက အငှားလိုင်စင် လုပ်ကြရပြီး
၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်တွင် ပျောက်ကွယ်ခဲ့ကြောင်း၊
အငှားအိမ် ငှားရမ်းပိုင်ခွင့် လိုင်စင်လျှောက်ထားရယူခြင်း မပြုဘဲ
အဆောက်အအုံ ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်ပါက မန္တလေး
မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၀၉ (က) ဖြင့်
အရေးယူမည်ဖြစ်ပြီး စည်ပင် တရားရုံးတွင် တရားစွဲဆိုသွားမည်
ဖြစ်ကြောင်း၊ ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းအထိ ချမှတ်နိုင်ကြောင်း
ဒေါ်ဝင်းမင်းသန်းက ရှင်းပြသည်။

အငှားလိုင်စင်များ လျှောက်ထားမည့်အပေါ် အွန်လိုင်းစစ်တမ်း
တစ်ခု မန္တလေး အခြေစိုက် နေထိုင်သူများကို The Voice က
မတ်လ ၂၁ ရက်နေ့က ကောက်ခံခဲ့သည်။

ယင်းစစ်တမ်းကို ပြန်လည် ဖြေဆိုခဲ့သူများအနက်
- “အိမ်ငှားလိုင်စင်လုပ်တာ ကောင်းတာပေါ့”ဟု ယူဆသူ ခုနစ်ဦး၊
- “အိမ်ငှားလိုင်စင် လုပ်တာ မကောင်းဘူး”ဟု ယူဆသူနှစ်ဦး၊
- “အိမ်ငှားလိုင်စင်လုပ်တာ အိမ်ငှား နေထိုင်မယ့်သူတွေအတွက်
ဈေးတွေ ပိုကြီးလာနိုင်တယ်”ဟု ယူဆသူ ခုနစ်ဦး၊
- “အိမ်ငှားလိုင်စင် လုပ်တာ အိမ်ငှားရမ်းမယ့်သူတွေအတွက်
အခက်အခဲနဲ့ ဝန်ပိုမှု ဖြစ်လာနိုင်တယ်”ဟု ယူဆသူ ခုနစ်ဦး၊
- “အိမ်ငှားလိုင်စင် လုပ်တာ စည်ပင်အတွက် အခွန်ပိုတိုးဖို့
လုပ်တာ”ဟု ယူဆသူ သုံးဦး၊
- “အိမ်ငှားလိုင်စင် လုပ်ထားရင် ငှားရမ်းသူကော၊ ငှားရမ်းမယ့်
သူအတွက်ကော စိတ်အေးရမယ်”ဟု ယူဆသူ ငါးဦး၊
- “အိမ်ငှားလိုင်စင် လုပ်မယ်”ဟု ယူဆသူ ငါးဦး၊
- “အိမ်ငှားလိုင်စင် မလုပ်ဘူး”ဟု ယူဆသူ သုံးဦး ရှိခဲ့သည်။

စစ်တမ်းအရ အိမ်ငှားလိုင်စင်မှာ ကောင်းမွန်သော်လည်း
လိုင်စင်ကြောင့် အိမ်ငှားရမ်းခ ဈေးနှုန်းကြီးလာနိုင်သည်၊
ငှားရမ်းသူတို့အတွက် အခက်အခဲနှင့် ဝန်ပိုမှု ဖြစ်လာနိုင်သည်ဟု
ယူဆကြသူ ပိုမို များပြားသည်။

“အိမ်ငှားလိုင်စင်ကို လွယ်လွယ်ကူကူ လုပ်ခွင့်ရမယ်။
အိမ်ရှင်အိမ်ငှား ဖြစ်ပေါ်လာမယ့် ပြဿနာကို တာဝန်ယူ ဖြေရှင်း
ပေးမယ်ဆိုရင် ကောင်းတာပေါ့”ဟု မန္တလေး ဒေသခံ
ဦးအောင်လတ်ဝင်းက သူ့အမြင်ကို ဆိုသည်။

အငှားလိုင်စင် ပြုလုပ်လိုက်ခြင်းသည် ကောင်းမွန်ပြီး စည်းကမ်း
တကျ ဖြစ်လာမည်ဟု ယူဆကြောင်း ပြောလာသူက ဖိုးလမင်း
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ပိုင်ရှင် ဦးဝဏ္ဏစိုးဖြစ်သည်။

ယင်းလိုင်စင်အတွက် ပေးဆောင်ရမည့် လိုင်စင်ကြေးမှာ
ငှားရမ်းခ၏ ၅ ရာခိုင်နှုန်း ဖြစ်၍ စီးပွားဖြစ် ငှားရမ်းကြသူတို့
အတွက် ပြဿနာ မဖြစ်သော်လည်း ဝမ်းရေးအတွက် ငှားရမ်းကြရ
သူတို့ အတွက်မူ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ကြောင်း
၎င်းက သုံးသပ်သည်။

“ဆယ်စုနှစ် အတွင်းလောက်မှာ အငှားဈေးကွက်က အတက်
ဘက်ပဲ ရှိတယ်။ အရောင်းတွေက ဈေးမြင့်တဲ့အတွက် အငှား
တွေ ပိုဖြစ်တယ်ပေါ့။ လိုင်စင်ကြောင့်တော့ အငှားဈေးကွက်
ထိခိုက်မယ်မထင်ဘူး”ဟု ဦးဝဏ္ဏစိုးကပြောသည်။

ယင်းကဲ့သို့ လိုင်စင်ကြောင့် အငှားဈေးကွက်ကို ထိခိုက်မည်
မဟုတ်သော်လည်း ဈေးအနည်းငယ် ကြီးမြင့်ခြင်းတို့ ဖြစ်နိုင်
ကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ကိုယ်စားလှယ်
များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်က
ဆိုသည်။

“ဝယ်မသုံးနိုင်လို့ ငှားသုံးကြတယ်ပေါ့။ ဈေးကွက်ကတော့
သူ့နေရာနဲ့သူတော့ ဖြစ်နေပါတယ်။ ကိုယ်ပေးနိုင်တဲ့ဈေးကို
မူတည်ပြီး အငှားတွေဖြစ်တယ်”ဟု ဦးတင်မောင်က
ပြောဆိုသည်။

- အငှားလိုင်စင် ပြုလုပ်လျှင် ပေးဆောင်ရမည့်
လိုင်စင်ကြေးမှာ ငှားရမ်းခ၏ ၅ ရာခိုင်နှုန်းဖြစ်သည်။
- လိုင်စင်သက်တမ်းမှာ တစ်နှစ်ဖြစ်သော်လည်း
- လိုင်စင်ကြေးကိုမူ သုံးလငှားရမ်းလျှင် သုံးလစာ၏ ၅ ရာခိုင်နှုန်း
- ခြောက်လ၊ တစ်နှစ် ငှားရမ်းလျှင်လည်း ခြောက်လ၊ တစ်နှစ်စာ
အတွက် ၅ ရာခိုင်နှုန်းပင် ဖြစ်သည်။
- ယင်းအပြင် နှစ်ထပ်အိမ်ကို အပေါ်ထပ်နှင့် အောက်ထပ်
ငှားရမ်းဈေးနှုန်း မတူညီလျှင်လည်း ထိုမတူညီသည့်အတိုင်းပင်
အခွန် ပေးဆောင်ရမည်ဖြစ်သည်။

အငှားလိုင်စင်သည် စင်စစ် စည်ပင် ဘဏ္ဍာ တိုးတက်စေရန်
ပြုလုပ်ခြင်းဖြစ်ကြောင်း သန့်ရှင်းရေးဌာန တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

“ပြောရရင်တော့ စည်ပင်ဝင်ငွေ တိုးဖို့ လုပ်တာပါ။ လက်ရှိ
ကောက်ခံနေတဲ့ဟာတွေကို ထပ်တိုးမကောက်ချင်လို့ လစ်လပ်
နေတဲ့ နေရာတွေကို ကောက်ခံတာပါ”ဟု ၎င်းကဆိုသည်။

ဘဏ်၊ သံရုံး စသည့် အချက်အချာ ကျသည့်နေရာ၊ တစ်လလျှင်
သိန်းဆယ်ချီ ရရှိနေသည့် နေရာများအတွက် အခွန် ကောက်ခံ
ခြင်းဖြစ်ပြီး ဥပဒေအတိုင်း ပြုလုပ်ရသည့်အတွက် တစ်ပိုင်
တစ်နိုင် အိမ်ငှား စားရသူများ အတွက်ပါ သက်ရောက်သွားခြင်း
ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပဒေက ခွဲခြားပြီး လုပ်လို့မှ မရတာ။ ကျွန်တော်တို့ တကယ်
ရည်ရွယ်တာက အောက်ခြေ လူတန်းစားတွေ မဟုတ်ပါဘူး”

- အခန်းတစ်ခန်းကို တစ်လလျှင် ကျပ်သုံးသောင်းဖြင့်
ခြောက်လစာ ငှားရမ်းလျှင် ယင်းအတွက် တစ်သိန်းရှစ်သောင်း
ရရှိမည်ဖြစ်ပြီး အခွန်မှာ ၅ ရာခိုင်နှုန်းဖြစ်၍ ကိုးထောင်ကျပ်သာ
ပေးဆောင်ရမည် ဖြစ်သည်။
- တစ်လလျှင် ကျပ်သိန်း သုံးဆယ်ဖြင့် ခြောက်လ ငှားရမ်းထား
လျှင် ကျပ်သိန်း ၁၈၀ ဖြစ်ပြီး ၁၈ သိန်း အခွန် ပေးဆောင်ရမည်
ဖြစ်သည်။ ဤနည်းဖြင့် ငှားရမ်းသည့် နှုန်းထား ပိုများလျှင်
အခွန်များများ ပေးဆောင်သွားရမည်ဖြစ်သည်။

အောင်မြေသာစံမြို့နယ်အတွင်း နေအိမ် အပေါ်ထပ်ကို ငှားရမ်း
ထားသည့် အမျိုးသမီး တစ်ဦးကမူ လိုင်စင် ပြုလုပ်ရန်နှင့် အခွန်
ပေးဆောင်ရန် စဉ်းစားထားသည်ဟု ပြောသည်။ ၎င်း၏ နေအိမ်
အပေါ်ထပ်ကို တစ်လလျှင် သိန်းဂဏန်းမျှဖြင့်သာ ငှားရမ်းထား
သဖြင့် အခွန်မှာ သောင်းဂဏန်းခန့်သာ ပေးဆောင်ရမည်ဟု
ဆိုသည်။

“တစ်နှစ်စာလောက် တစ်ခါတည်း စာချုပ် ချုပ်ထားတယ်
ဆိုရင်တော့ အခွန်ပေးရတာ မသိသာဘူး။ ကိုယ့်အတွက်လည်း
ပိုအဆင်ပြေတာပေါ့။ သုံးလေးလလောက် ငှားတဲ့ဟာမျိုးဆိုရင်
တော့ ခဏ ခဏ အခွန်ပေးနေရမှာ”ဟု ၎င်းက ပြောသည်။

သို့သော် စည်ပင်မှ ကြေညာချက် ထုတ်ပြန်ထားပြီး နောက်ပိုင်း
တွင် လက်ရှိအချိန်ထိ အိမ်အငှားလိုင်စင် ပြုလုပ်ထားသူမှာ
မရှိသလောက် နည်းပါးနေသေးသည်။

ပညာပေး ကာလကို ဧပြီလမှ ဇွန်လအထိ သတ်မှတ်ထားသဖြင့်
သွေးအေးနေကြသေးခြင်းလည်း ဖြစ်နိုင်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ အိမ်ငှားခွန် ပေးဆောင်ကြ
ရတော့မည် ဖြစ်ပါသည်။

“အခုအချိန်အထိ လိုင်စင်လာလုပ်တဲ့သူက တစ်ဦးတည်းပဲ
ရှိသေးတယ်”ဟု သန့်ရှင်းရေးဌာနမှ ဌာနစုမှူး ဒေါ်ဝင်းမင်းသန်း
က ပြောဆိုလေသည်။

(မြတ် - ကလေး)

credit - The Voice

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=962655320510074&id=726764717432470&substory_index=0

*****

“အိမ်ခြံမြေ လမ်းဆုံ” မှတင်သော post များကို
ဆက်လက် ဖတ်ရှုလိုပါလျှင်
ဤ post ထိပ်ဆုံးမှ “အိမ်ခြံမြေ လမ်းဆုံ” နေရာကိုနှိပ်ပါ။
“အိမ်ခြံမြေ လမ်းဆုံ” page ရောက်လျှင်
ဦးဆုံးတွေ့သည့် “Like” ကို နှိပ်ထားလိုက်ပါ။

25/03/2017
“ရန်ကုန်မြို့တော်စည်ပင်၏ update သတင်းများ”၁။ "ရန်ကုန်မြို့တော် စည်ပင်ဥပဒေကို စင်ကာပူ အကူညီနဲ့ ခြောက်လအတွင်း ပြဌာန်းမည်"ရ...
15/01/2017

“ရန်ကုန်မြို့တော်စည်ပင်၏ update သတင်းများ”

၁။ "ရန်ကုန်မြို့တော် စည်ပင်ဥပဒေကို စင်ကာပူ အကူညီနဲ့
ခြောက်လအတွင်း ပြဌာန်းမည်"

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေကို
လာမည့် ၆ လတွင်းစင်ကာပူနိုင်ငံအကူညီနဲ့ အသစ်ပြန်လည်
ရေးဆွဲပြဌာန်းသွားမယ်လို့ တော်ဝင်မိသားစုဆောက်လုပ်ရေး
လုပ်ငန်းရှင် ဦးကိုကိုထွေးက ပြောပါတယ်။

ကုန်သည်စက်မှု အသင်းချုပ်မှာ ကျင်းပတဲ့ ဒုတိယသမ္မတနဲ့
စီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ ဥပဒေသစ်နဲ့ပတ်သက်ပြီး
ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
ဥပဒေက တော်တော်လေးကို နောက်ကျနေတဲ့အတွက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
စင်ကာပူနိုင်ငံကိုသွားရောက်စဉ်စင်ကာပူနိုင်ငံက
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေကို
အသစ်ပြန်ရေးဆွဲဖို့ ကူညီပေးမယ်လို့
ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေကို
အသစ်ပြန်လည်ရေးဆွဲပေးမယ့် စင်ကာပူနိုင်ငံကအဖွဲ့က
ရန်ကုန်မြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

အသစ်ပြန်လည်ရေးဆွဲမယ့် ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီဥပဒေမှာ
- ဆောက်လုပ်ရေး လုပ်ငန်းတွေ၊
- စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ငန်းစဉ်တွေ အပြင်
- တင်ဒါ စနစ်တွေပါထည့်သွင်းရေးဆွဲပေးမယ်လို့
သိရပါတယ်။

ရန်ကုန်မြို့က ဆောက်လုပ်ရေးတွေနဲ့ ပတ်သက်ပြီး
သည်ဟာ သည်လောက်လုပ်ပါ သည်ဟာဘယ်လောက်
လုပ်ပါ ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ချို့က တစ်ဦးတစ်ယောက်
တည်းနဲ့ ဆုံးဖြတ်လိုက်လို့ အများကြီး ဆက်တိုက်
ကွင်းဆက်လိုက်သွားတယ်ဆိုတဲ့ဟာတွေ ပြုပြင်ပြောင်းလဲဖို့
လိုပါပြီလို့ မှတ်ချက်ပြု ပြောကြားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေ
အသစ်ကို စင်ကာပူ ကပြင်ဆွဲမယ်။လတ်တလော စင်ကာပူ
က လာရင် စင်ကာပူ standard နဲ့ လုပ်မှာ ကျွန်တော်တို့က
စင်ကာပူ standard ကိုမမှီသေးဘူး။ လိုက်လျှောညီထွေမှု
ရှိအောင် စင်ကာပူ ဥပဒေကို ယူပြီး မြန်မာစည်ပင် ဥပဒေကို
တစ်ဆင့်ချင်း လုပ်သွားဖို့ အကြံပေးချင်တယ်လို့
ဦးကိုကိုထွေက ဆက်လက်ပြောကြားပါတယ်။

(ပို့ပို့မြင့်မွန်)

***

၂။ "စည်ပင်ပိုင်မြေပေါ်တွင် ကားပါကင်နေရာဦးသူများကို
အရေးယူမည်"

စည်ပင်ပိုင်မြေပေါ်တွင် ကားပါကင်နေရာဦးခြင်းများကို လိုက်လံ
ရှင်းလင်းနေသော်လည်း လိုက်နာမှု အားနည်းနေသည့်အတွက်
အရေးယူဆောင်ရွက်သွားရန်ရှိကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ တာဝန်ရှိသူက
ပြောကြားသည်။

''ကားပါကင်နေရာ ဦးထားတာတွေကို ဖမ်းဆီးတာကတော့
ကြာပြီ။ ပါကင်နေရာ ဦးထားတာတွေကို ဖယ်ရှားမှုတွေကို
တောက်လျှောက်လုပ်နေတယ်။ တွေ့တာနဲ့ အရေးယူတာတွေ
လုပ်နေတယ်။ လောလောဆယ် တားဆီးထားတာတွေ၊
ဆိုင်းဘုတ်ထောင်ထားတာတွေကို ပစ္စည်းတွေ သိမ်းတာတွေ
ဆက်တိုက်လုပ်နေတယ်'' ဟု အထက်ပါ တာဝန်ရှိသူတဦးက
ပြောသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံ၊
ဆေးခန်းများ၊ ကုမ္ပဏီများး၊ စားသောက်ဆိုင်များနှင့် နေအိမ်ရှေ့
များတွင် ကားပါကင်နေရာဦးမှုများရှိနေသော်လည်း တရားဝင်
ခွင့်ပြုထားခြင်းမဟုတ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

ယင်းသို့ ကားပါကင်နေရာဦးမှုများကို စည်ပင်မှ လိုက်လံ
ရှင်းလင်းဆောင်ရွက်နေသော်လည်း လိုက်နာမှု အားနည်းကာ
ဟိုတယ်များ၊ ဘဏ်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊
ကုမ္ပဏီများ၊ စားသောက်ဆိုင်များနှင့် နေအိမ်ရှေ့များတွင်
ကားပါကင် နေရာဦးမှုများ ရှိနေဆဲဖြစ်ကြောင်း
စည်ပင်(လမ်း/တံတား) ဒုဌာနမှူးဦးစိုးသိမ်းအောင်က
ပြောသည်။

''ဒါတွေက တရားဝင်ခွင့်ပြုထားတာ မဟုတ်ဘူး။
နေရာဦးထားတာတွေ လိုက်သိမ်းတယ်။
ပြီးရင် အတားအဆီးတွေ၊ ဆိုင်းဘုတ်တွေပြန်ချကြတာပဲ။
ဘယ်နေရာမှကို တရားဝင်ပေးထားတာ မဟုတ်ဘူး။
လောလောဆယ်တော့ သိမ်းဆည်းတာပဲ လုပ်လို့
ရသေးတယ်။ နောက်ပိုင်းကျတော့ အရေးယူတာတွေ
လုပ်ရတော့မှာပေါ့'' ဟု ၎င်းက ပြောသည်။

''လမ်းတွေမှာ ကားတွေများလာတယ်။ အချို့က သူတို့ကား
တွေထားဖို့နေရာကို စည်ပင်မြေပေါ်မှာ အမိုးတွေ ဘာတွေနဲ့
သေသေချာချာကို လုပ်ထားကြတာ။ တိုက်ခန်းတိုင်း လိုလို
က ကားတွေပိုင်နေကြတော့ ကားထားဖို့ နေရာဟာ
တော်တော်ခက်ခဲနေတာတွေ့ရပါတယ်။ အချို့ဆို တခြား
နေရာတွေမှာ လစဉ်ကြေးပေးပြီး ညအိပ် ညနေထား
ကြရတယ်။ စိတ်တော့မချရဘူးပေါ့ဗျာ'' ဟု တာမွေမြို့နယ်
ကျားကွက်သစ်ရပ်ကွက်တွင် နေထိုင်သူ တဦးက
ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ရပ်နားရန်နေရာများ
ပြန်လည်သတ်မှတ်ကာ ကားပါကင်ကြေးစနစ်တကျ
ကောက်ခံသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က
ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

သို့သော်လည်း ကားပါကင်မြေနေရာ ပြန်လည်သတ်မှတ်ပြီး
ကားပါကင်ကြေး စနစ်တကျကောက်ခံမည့်ကိစ္စအား
ရန်ကုန်စည်ပင်သို့ တရားဝင်ညွှန်ကြားချက်များမရောက်ရှိ
သေးကြောင်း သိရသည်။

(လင်းလင်းအောင်)

***

၃။ "ကားပါကင်ပါသော အထပ်မြင့်များသာ ဆောက်လုပ်ခွင့်
ပေးမည်"

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုသည့်
ဆောက်လုပ်ခွင့် ပါမစ်များကို ရယူရာတွင် ယာဉ်ရပ်နားရန်
နေရာ ကားပါကင်ပါသည့် အထပ်မြင့် အဆောက်အအုံများ
ကိုသာ အဆိုပါ ပါမစ်ကို ချပေးမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ
သိရသည်။

၂၀၁၇ ခုနှစ်တွင် ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်
အဆောက်အအုံများ တည်ဆောက်ရန် လျှောက်ထားပါက
လုံလောက်သည့် ယာဉ်ရပ်နားရန် နေရာအကျယ်အ၀န်း
ရှိမှသာ ဆောက်လုပ်ခွင့် ပါမစ်ချပေးတော့မည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အရင်က လျှောက်ထားခဲ့တဲ့ ဆောက်လုပ်ခွင့် ပါမစ်တွေ
ကတော့ ချထားပေးပြီးသား ဆိုတော့ ရပါတယ်။ ဒီနှစ်ထဲမှာ
လျှောက်လာတဲ့ အထပ်မြင့် အဆောက်အအုံတွေက
သတ်မှတ်ထားတဲ့ ကားပါကင် နေရာပါမှသာ ခွင့်ပြုတော့
ပါမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်တွင် ချပေးထားသည့် အထပ်မြင့် အဆောက်
အအုံများမှာ ပုံမှန်အတိုင်း တည်ဆောက်ခွင့်ရမည်
ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်အတွင်း လျှောက်ထားသည့်
အထပ်မြင့် အဆောက်အအုံများမှာ ကားပါကင် သီးသန့်
နေရာ မပါရှိပါက ဆောက်လုပ်မှု ရပ်ဆိုင်းထားရမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်ထားသည့်
အထပ်မြင့် အဆောက်အအုံများမှာ ယာဉ်ရပ်နားရန်
သီးသန့်နေရာ မရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ
ဖြစ်ပေါ်လျက် ရှိသောကြောင့် ယခုကဲ့သို့ သီးသန့်နေရာ
ထားရှိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“အခုလက်ရှိ ၈ ခွဲအထက် အထပ်မြင့်အဆောက်အအုံ
အချို့က ပါကင်နေရာ မပါဘဲ ဆောက်တာတွေ ရှိတယ်။
အထပ်မြင့် ဆိုရင်တော့ လူဦးရေများတော့ ပါကင်ရှိမှ
အဆင်ပြေတယ်။ မူဝါဒတွေ ပြောင်းလဲလိုက်ပေမယ့်
အစိုးရအနေနဲ့ မြို့ထဲမှာ နေရာလေးတွေ သတ်မှတ်ပြီး
ကားပါကင်ထားဖို့ လုပ်ပေးဖို့ လိုပါတယ်” ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးထွန်းထွန်းလင်းက
ဆိုသည်။

တရားဝင် အဆောက်အအုံများကို
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလထိ
- အထပ်မြင့် ၃ ထပ်မှ ၈ ထပ်ခွဲထိ စုစုပေါင်း
အလုံး ၃၀၀ ကျော်နှင့်
- ၈ ထပ်ခွဲနှင့်အထက် အထပ်မြင့်အဆောက်အအုံ
၁၀၀ ကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

credit - Kumudra Journal / News Watch
& The Voice Myanmar

နှစ်သစ်မှာ လုပ်သမျှ ကြံသမျှ အောင်မြင်ပြီးးဆောင်သမျှပြီးမြောက်ကြပါစေစီးပွားရေးများတိုးတက်ကြပါစေလို့Excellent Future မှ ဆု...
01/01/2017

နှစ်သစ်မှာ လုပ်သမျှ ကြံသမျှ အောင်မြင်ပြီးး
ဆောင်သမျှပြီးမြောက်ကြပါစေ
စီးပွားရေးများတိုးတက်ကြပါစေလို့
Excellent Future မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်များး။ ။

22/12/2016

မှတ်ပုံတင်သည့်စာချုပ်စာတမ်းများ၏အကျိုးသက်ရောက်မှု

မည်သည့်စာချုပ်စာတမ်းမဆို တရားဥပဒေနှင့်အညီ မှတ်ပုံတင်ခဲ့လျှင် ထိုစာချုပ်မှတ်ပုံတင်သည့်နေ.
ထက်စော၍ စာချုပ်ချုပ်ဆိုသည့်နေ.ရက်မှစ၍ အကျိုးသက်ရောက်သည်။(ပုဒ်မ-၄၇)

မရွှေ.မပြောင်းနိုင်သည့်ပစ္စည်းအဓိပ္ဗါယ်ဖွင့်ဆိုချက်

မြေကြီးမှထွက်ပေါ်လာသော အကျိုးအမြတ် မြေကြီးတွင်အခိုင်အမာစွဲကပ်ထားသောအရာများဟု အဓိပ္ဗါယ်ဖွင့်ဆို ထားပါသည်။ (ပုဒ်မ-၃)

မှတ်ပုံမတင်မနေရသော စာချုပ်စာတမ်းများ

အများသိကြသည့်စာချုပ်အမျိုးအစားကိုသာ ဖော်ပြပါသည်။

(က) မရွှေ.မပြောင်းနိုင်သည့်ပစ္စည်းများကို အပိုင်ပေးကမ်းသည့်စာချုပ်စာတန်း

(ခ) တန်ဖိုးငွေကျပ် ၁၀၀ နှင့်အထက်ရှိသော မရွှေ.မပြောင်းနိုင်သည့် ပစ္စည်းများအပေါ်တွင် ပစ္စုပ္ဗန်နှင့် အနာဂတ်ဆိုင်ရာပိုင်ဆိုင်ခွင့် အကျိုးစီးပွားတစ်စုံတစ်ရာကို ကြောညာခြင်း၊ လွဲအပ်ခြင်း၊ ကန်.သတ်ခြင်း၊ ဖျက်သိမ်းခြင်း စာချုပ်စာတမ်းများ၊ (ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ စွန်.လွတ်ခြင်း၊ S.P , G.P ပေးခြင်း၊ S.P, G.P ဖျက်သိမ်းခြင်း။

(ဂ) လွှဲပြောင်းပေးအပ်သည့်အတွက် အဖိုးစားနား တစ်စုံတစ်ရာကို ပေးအပ်ကြောင်း၊ လက်ခံရရှိကြောင်း ဝန်ခံသည့် စာချုပ်စာတန်းများ။

(ဃ) မရွှေ.မပြောင်းနိုင်သည့် ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သည့်တရားရုံးက ချမှတ်သည့်ဒီဂရီ၊ အမိန်.သို.မဟုတ် စီရင်ချက်ကို လွဲပြောင်းပေးအပ်ခြင်းများ။

အကျိုးသက်ရောက်မှု

(၁) တရားဥပဒေအရ ခိုင်မာမှုရှိခြင်း

(၂) တရားဝင်ခြင်း (တရားဥပဒေအရမှန်ကန်ခြင်း)

(၃) တရားရုံးတွင်သက်သေခံအဖြစ် တင်ပြနိုင်ခြင်း



Credit : U Than Nyunt Maung (Lawyer)

07/12/2016

တိုင်ကြားနိုင်ပါသည်

“တန်ဖိုးနည်းအိမ်ရာအခန်း ဝယ်ယူပိုင်ဆိုင်လိုသူများအတွက် သိသင့်တာလေးတွေ”၁။ "တန်ဖိုးနည်းအိမ်ရာ ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထား လေ...
04/12/2016

“တန်ဖိုးနည်းအိမ်ရာအခန်း ဝယ်ယူပိုင်ဆိုင်လိုသူများ
အတွက် သိသင့်တာလေးတွေ”

၁။ "တန်ဖိုးနည်းအိမ်ရာ ဒီဇင်ဘာ ၃၀ ရက်
နောက်ဆုံးထား လျှောက်ထားရမည်"

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမယ့်
တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်မှာ ၃၀ ရာခိုင်နှုန်း
ငွေပေးသွင်းပြီး ဝယ်ယူခွင့်ပြည့်မီသူတွေကိုသာရောင်းချ
သွားမှာဖြစ်ပြီး ဝယ်ယူခွင့်လျှောက်လွှာတွေကို ပုံစံလေးမျိုး
ခွဲရောင်းချ သွားမှာဖြစ်ပါတယ်။

"ဘဏ်မှာ စုဆောင်းငွေ ရှိသူတွေကိုပဲ ရောင်းချသွားမယ်၊
အခုကတော့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
ပေးပို့တဲ့ အခန်းဝယ်ယူဖို့စုဆောင်းငွေနဲ့ လစဉ်ပေးဆပ်နိုင်စွမ်း
ရှိတဲ့ ပြည်သူတွေကိုရောင်းချသွားမှာ" လို့ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနကတာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

လျှောက်လွှာတွေကိုတော့
* ညွှန်ကြားရေးမှူးချုပ်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန
ရုံးအမှတ် ၄၀
နေပြည်တော် * ကိုလိပ်မူပြီး
လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို
- ရန်ကုန်တိုင်းဒေသကြီး ဗိုလ်ချုပ်လမ်းမပေါ်မှာ တည်ရှိတဲ့
အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲနဲ့
- နေပြည်တော်ရုံးအမှတ် ၄၀မှာ ဝယ်ယူနိုင်ပါတယ်။

လျှောက်လွှာပုံစံတွေကိုတော့
အစိုးရ အမှုထမ်း၊ ပင်စင်စား၊ ကုမ္မဏီဝန်ထမ်း၊ ပြည်သူစတဲ့
ပုံစံလေးမျိုးခွဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့လာမယ့် နိုဝင်ဘာလ၂၈ ရက်နေ့
ကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိဝယ်ယူနိုင်မှာဖြစ်ပြီး
ဒီဇင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားလျှောက်ထားရမှာ
ဖြစ်ပါတယ်။

လက်ရှိမှာတော့အိမ်ခန်းဝယ်ယူဖို့ စုဆောင်းငွေနဲ့ဝင်ငွေ
ပြည့်မီသူ ၁၃၁၁ ဦးရှိပြီဖြစ်ပြီး ဌာနပိုင်အခန်း ၆၀ဝ ကျော်
ကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အခန်းဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ သွားရောက်ကြည့်ရှုနိုင်သလို
ဘဏ်ရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်တဲ့
Construction and Housing Development Bank မှာ
လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အခန်းတွေကတော့ လှိုင်သာယာမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်း
မြို့နယ်တွေမှာ ဆောက်လုပ်အကောင် အထည်ဖော်ထား
တဲ့ ရွှေလင်ပန်းအိမ်ရာ၊ ကနောင်အိမ်ရာ၊ ယုဇနအိမ်ရာ
တွေကိုရောင်းချတာ ဖြစ်ပါတယ်။

အခန်းတွေကိုတော့ ဝယ်ယူခွင့်ရရှိသူကသတ်မှတ်ထားတဲ့
အခန်း တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတာနဲ့
အခန်းတွေကို နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

အခန်းတန်ဖိုးတွေကတော့ ကျပ်သိန်း ၁၂၀ ဝန်းကျင်
အခန်းတွေဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ရှစ်နှစ်အရစ်ကျဆပ်နဲ့
ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဝယ်ယူခွင့်ရရှိတဲ့ လူစာရင်းကို
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က နောက်ဆုံးထား
စာရင်းပြုစုထားတာဖြစ်လို့ နောက်ပိုင်းမှငွေလာရောက်
ပေးသွင်းသူတွေကိုတော့ နောက်ပိုင်းဆောက်လုပ်မယ့်
အိမ်ရာတွေမှာသာ ဝယ်ယူခွင့်ပြုသွားမှာဖြစ်ပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

***

၂။ "တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်ယူပြီး တစ်ဆင့်
ပြန်လည်ရောင်းချပါက အမည်ပျက်စာရင်းသွင်းမည်"

တန်ဖိုးနည်းအိမ်ရာများကို
- နိုင်ငံတော်ထံမှဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊
- အိမ်ရာစည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း စိစစ်
တွေ့ရှိရပါက Black list (အမည်ပျက်) စာရင်းသွင်းကာ
ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး
ဒေါ်မြင့်မြင့်မူက နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

အမှန်တကယ် အိမ်ရာလိုအပ်သူများအတွက်သာ ရောင်းချ
ရန် ရည်ရွယ်ထားသည့်အတွက်ယခုကဲ့သို့ စည်းကမ်းထား
ရှိရခြင်းဖြစ်ပြီး အမှန်တကယ် နေထိုင်ခြင်း ရှိမရှိကိုလည်း
မကြာခဏ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်မူက
"ပြန်ရောင်းစားဖို့ ယူထားတာဆိုရင် သူ့ကို Black list
ကြေညာမှာဖြစ်ပါတယ်။အဲဒီစာရင်းဝင် သွားရင်တော့
နောက်ပိုင်းမှာ တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့်လျှောက်လို့
မရတော့ပါဘူး။ ပုဂ္ဂလိကတွေ ဆောက်တဲ့ အပြင်အခန်းပဲ
ဝယ်ရတော့မယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်ထားတဲ့အခန်းတွေ
ဆိုရင် အခန်းတွေမှာ အမှတ်အသားတွေ သွားကပ်ထားမှာ
ဖြစ်သလို မကြာခဏလည်းဘဏ်က အိုးအိမ်နဲ့ပေါင်းပြီး
မြေပြင်မှာ သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ မနေဘဲနဲ့
ငှားတာပြန်ရောင်းတာ လုပ်ထားလို့မရဘူး။ တကယ်အိမ်ရာ
လိုအပ်တဲ့သူတွေကိုပဲ ဦးတည်တာဖြစ်တဲ့အတွက် မနေနိုင်
သေးဘူး၊ လောလောဆယ် အဆင်မပြေနိုင်သေးဘူးဆိုရင်
တောင် ပိတ်ထားရမှာဖြစ်ပါတယ်။ ငှားတာတောင် ငှားခွင့်
ပေးမထားပါဘူး"ဟု ၎င်းက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်
အိမ်ရာစည်းကမ်းချက်များအရတိုက်ခန်းလျှောက်ထားသူများ
အနေဖြင့် အိမ်ပိုင်မရှိကြောင်းကတိခံဝန်ချက်ပါ တစ်ပါတည်း
တင်ပြရမည်ဖြစ်သည်။

* အိမ်ပိုင်ရှိသူများ၊ နိုင်ငံတော်ထံမှ
တိုက်ခန်းရရှိထားပြီးသူများ ဖြစ်ကြောင်းစိစစ်တွေ့ရှိရပါက
တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက်မည့်အပြင်
ပေးသွင်းထားသည့် တိုက်ခန်းတန်ဖိုး၏ ငါးရာခိုင်နှုန်းကို
ဒဏ်ကြေးအဖြစ် ခုနှိမ်ကာ တိုက်ခန်းကို
ပြန်လည်သိမ်းယူမည် ဖြစ်သည်။ *

ထို့ပြင် တိုက်ခန်းလျှောက်ထားသူများသည် တိုင်းဒေသကြီးနှင့်
ပြည်နယ်များရှိ တိုက်ခန်းတစ်ခန်းကိုသာရွေးချယ်
လျှောက်ထားရန် ကန့်သတ်ထားသည်။

* တန်ဖိုးနည်းနှင့်တန်ဖိုးသင့်တိုက်ခန်း ၀ယ်ယူခွင့်ရရှိထားသူ
များသည် ငါးနှစ် အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန်
တားမြစ်ထားသလို ငါးနှစ်ပြည့်မြောက်သည့် အချိန်တွင်
ပြန်လည်ရောင်းချလိုပါကလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ
ရောင်းချရန် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။ *

"တကယ် နေစရာအခက်အခဲရှိတဲ့သူတွေ ရစေချင်တဲ့
အတွက် အိမ်ရာစည်ကမ်း စည်းမျဉ်းတွေနဲ့အညီမကြာခဏ
စိစစ် မှာပါ။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တရားဝင်
ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်"ဟု မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က
နိုဝင်ဘာ ၂၄ ရက်တွင်ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့်
ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့် ယုဇန၊ကနောင်နှင့်
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်များရှိ တိုက်ခန်းများ
ကို ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာ
စုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူများအနက် ပထမအရစ်
တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီအောင်
ငွေပေးသွင်းထားပြီးသူများကို ဦးစားပေးရောင်းချမည်
ဖြစ်သည်။

ဩဂုတ်လကုန်မှ အောက်တိုဘာလ ၃၁ ရက်အထိ
ပထမ အရစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းထားသူပေါင်း
၁,၃၁၁ ယောက်စာရင်းကို နိုဝင်ဘာ ၂၂ ရက်တွင်
အများပြည်သူတို့ကို ကြေညာခဲ့ပြီး ဖြစ်သည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ
ဖြစ်သည့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့နယ်
များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းတိုက်ခန်းပေါင်း ၈,၀၀၀ ကို
ဆောက်လုပ်မည်ဖြစ်သည်။

(ဇေယျာလင်း)

***

၃။ "တန်ဖိုးနည်းအိမ်ရာ အခန်းပိုင်ဆိုင်ထားပြီးရင် ဝယ်ယူခွင့်
ပိတ်သိမ်းမည်"

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူတွေအနေနဲ့အိမ်ခန်းပိုင်ဆိုင်
ထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရင်ပေးသွင်းထားတဲ့
အခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို နုတ်ယူပြီး အခန်းဝယ်ယူခွင့်
ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက သိရပါတယ်။

"အခန်းဝယ်ယူခွင့်ရရှိသူတွေထဲက စည်းကမ်းချက်နဲ့
ကိုက်ညီတာမရှိရင်အခန်းဝယ်ယူခွင့် ပိတ်သိမ်းမယ်၊ဒဏ်ကြေး
လဲသတ်မှတ်သွားမယ်" လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိမ်ရာဝယ်ယူခွင့်လျှောက်ထားသူကို
- မြန်မာနိုင်ငံသားသာခွင့်ပြုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား
မိတ္တူပူးတွဲတင်ပြရပါမယ်။
- အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။
- လျှောက်ထားသူက သန်းခေါင်စာရင်းမိတ္တူတင်ပြရမှာဖြစ်ပြီး
အိမ်ထောင်ဦးစီး သို့မဟုတ် မိသားစုဝင်တစ်ဦးသာ
လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

တိုက်ခန်းလျှောက်ထားသူက
- အိမ်ပိုင်မရှိသူဖြစ်ရမှာဖြစ်ပြီး
- အိမ်ပိုင်မရှိကြောင်း ကိုယ်တိုင်ကတိဝန်ခံချက်တင်ပြရမှာ
ဖြစ်ပါတယ်။

အခန်းလျှောက်ထားရာမှာ အိမ်ပိုင်ရှိသူ၊ အခန်းရှိ သူတွေကို
စစ်ဆေးတွေ့ရှိရင်ဝယ်ယူခွင့် ပိတ်သိမ်းပြီးပေးသွင်းထားတဲ့
အခန်းတန်ဖိုးရဲ့ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် နှုတ်ယူမှာ
ဖြစ်ပါတယ်။ တိုက်ခန်းလျှောက်ထားသူက မိမိနေထိုင်လိုတဲ့
ပြည်နယ်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ရာစီမံကိန်း
တွေထဲက အခန်းတစ်ခန်းကို လျှောက်ထားခွင့်ရမှာ
ဖြစ်ပါတယ်။

ဝင်ငွေနည်းပြည်သူတွေကို ဦးစားပေးရောင်းချသွားမှာဖြစ်လို့
- နိုင်ငံ့ဝန်ထမ်းဖြစ်ရင် လုပ်သက် ငါးနှစ်၊
- ကုမ္မဏီဝန်ထမ်းဖြစ်ရင်လည်း အနည်းဆုံးလုပ်သက် ငါးနှစ်
ရှိရပါမယ်။
- နိုင်ငံ့ဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာ အကြီးအကဲရဲ့
ထောက်ခံချက်၊ ဝန်ထမ်းစစ်ဆေးရေးကတ်မိတ္ထူ ပါရှိရပါမယ်။
- ကုမ္မဏီဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာအကြီးအကဲရဲ့
ထောက်ခံချက်နဲ့ ဝန်ထမ်းစစ်ဆေးရေးကတ် မိတ္ထူပါရပါမယ်။
- ပင်စင်စားဖြစ်ရင်တော့ လက်ရှိပင်စင်ထုတ်ယူနေတဲ့
ပင်စင်စာအုပ်မိတ္ထူ သို့မဟုတ် အီးပင်စင်ကတ်
လိုအပ်ပါတယ်။
- ဝင်ငွေနည်းပြည်သူနဲ့ တခြားကဖြစ်ရင်တော့ ဝင်ငွေ
ရှိကြောင်းအထောက်အထား သို့မဟုတ်လုပ်ငန်းလုပ်ကိုင်
ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ချုပ်ရေးမှူး ထောက်ခံချက်
လိုအပ်ပါတယ်။
- အခန်းဝယ်ယူသူက တစ်လဝင်ငွေသုံးသိန်းကနေ ငါးသိန်း
အတွင်းရရှိသူဖြစ်ရပါမယ်။
- တိုက်ခန်းဝယ်ယူခွင့်ရရှိသူက အခန်းကိုငါးနှစ်အတွင်း
လွှဲပြောင်း ရောင်းချလို့မရပါဘူး။
- လွှဲပြောင်းရောင်းချချင်ရင်တော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့သာပြန်လည်
ရောင်းချနိုင်မှာဖြစ်ပါတယ်။

(ပြည့်ဖြိုးမြင့်မွန်)

credit - Kumudra Journal & The Myanmar Times

Address

1/33, 1st Street, Myothit Ward, Nay Pyi Taw
Pyinmana
15011

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

095076747

Website

Alerts

Be the first to know and let us send you an email when Excellent Future ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အကျိုးဆောာင်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Excellent Future ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အကျိုးဆောာင်လုပ်ငန်း:

Share